Oct 3, 2016

အံ့ဖွယ် ဦးနှောက်

သင့်ခေါင်းထဲမှာ သင်လုပ်သမျှတိုင်းကို ထိန်းချုပ်တဲ့ ရှုံ့တွတွအရာဝတ္ထုတစ်ခုရှိပါတယ်။ အဲ့ဒီအရာဟာ အလေးချိန် ၁.၃ ကီလိုဂရမ်ဝန်းကျင် အလေးချိန်ရှိပြီး ၎င်းဟာ သင့်ကို တွေးတောနိုင်စေတယ်၊ လေ့လာသင်ယူနိုင်စေတယ်၊ စိတ်ခံစားမှုတွေ ဖြစ်ပေါ်ခံစားနိုင်စေသလို သင်မျက်တောင်ခတ်တာ၊ အသက်ရှူတာနဲ့ နှလုံးခုန်တာတွေကိုပါ ညွှန်ကြားထိန်းချုပ်နေပါတယ်။


အဲ့ဒီဆန်းကျယ်လှတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ဦးနှောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အံ့ဩစရာကောင်းတဲ့ အဲ့ဒီဦးနှောက်ကို သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ James D. Watson က ဦးနှောက်ဟာ "ကျနော်တို့ စကြဝဠာကြီးထဲက ရှာဖွေ့တွေ့ရှိရသမျှတွေထဲမှာ အရှုပ်ထွေးဆုံး အရာဝတ္ထု" အဖြစ် ပြောဆိုခဲ့တာဖြစ်တယ်။ အောက်ဖော်ပြပါ အချက်အလက်တွေက စိတ်ဝင်စားစရာပါ။

သင့်ဦးနှောက်ဟာ စွမ်းဆောင်ရည်မြင့်လှပါပြီဆိုတဲ့ စူပါကွန်ပျူတာထက် ပိုပြီး အားကောင်းအစွမ်းထက်သလို ပိုပြီးလဲ မြန်ဆန်ပါတယ်။

ဥပမာ - သင့်အိမ်ကကြောင်ကလေးဟာ မီးဖိုပေါ်က ဟင်းအိုးအပူကြီးထဲ ခြေချော်ကျခါနီးဆိုပါတော့။ သင့်မှာ လှုပ်ရှားဖို့ အချိန်စက္ကန့်ပိုင်းသာ ရှိတယ်။ သင့်မျက်လုံးကနေလာတဲ့ အချက်ပြချက်ကို လက်ခံရယူပြီး သင့်ဦးနှောက်ဟာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်အမြန်နှုန်းနဲ့ အဲ့ဒီကြောင်ကလေးကို ကာကွယ်နိုင်မလဲဆိုတာ အလျှင်အမြန် ဆုံးဖြတ်ရပြီပေါ့။ ပြီးရင် သင့်ကြွက်သားတွေကို လှုပ်ရှားလာစေဖို့ အမိန့်ပေးမယ်။

ဘယ်ကွန်ပျူတာမှ သင့်ဦးနှောက်လို အသိ၊ အမြင်၊ အကြား အာရုံခံစားမှု အစိတ်အပိုင်းတွေကနေ ပေးပို့ရရှိလာတဲ့ အချက်အလက်တွေကို အင်မတန်မြန်ဆန်လှတဲ့ အခိုက်အတန့်အတွင်း တွက်ချက်တုံ့ပြန်နိုင်ကြမှာ မဟုတ်ပါဘူး။

သင့်ဦးနှောက်ကနေ မီးသီးတစ်လုံးကို မီးလင်းစေနိုင်လောက်တဲ့ လျှပ်စစ်ဓာတ်ပမာဏကို ထုတ်လွှတ်ပါတယ်။ 

သင့်ဦးနှောက်ထဲမှာ နျူရွန် လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ဆဲလ်အမှုန်အမွား ပေါင်း ၁၀၀ ဘီလီယံလောက်ရှိပါတယ်။ အဲ့ဒီဆဲလ်တွေအားလုံးကို ရေတွက်ဖို့ဆိုရင် သင့်အနေနဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက် အချိန်ယူရပါလိမ့်မယ်။ သင် ရယ်မောတိုင်း၊ အိပ်မက်, မက်တိုင်း၊ တွေးတောစဉ်းစားတိုင်း၊ သွားလာလှုပ်ရှားတိုင်းမှာ အခိုက်အတန့် ဓာတု နဲ့ လျှပ်စစ်ဆိုင်ရာ အချက်ပြထုတ်လွင့်မှုတွေဟာ ဘီလီယံနဲ့ချီရှိတဲ့ သေးငယ်လှတဲ့ နျူရွန် လမ်းကြောင်းတစ်လျှောက်က နျူရွန် တွေကြားမှာ ပြေးလွှာနေကြပါတယ်။

သင့်ဦးနှောက်ထဲက သက်ဝင်လှုပ်ရှားမှုတွေဟာ ဘယ်တော့မှ မရပ်ပါဘူး။ စက္ကန့်တိုင်း သင့်ဦးနှောက်ထဲမှာ မှာကြားချက် သို့မဟုတ် သတင်းအချက်အလက်တွေဟာ ဖျက်ခနဲ ပေးပို့သွားလာနေကြပါတယ်။ ကမ္ဘာတစ်ဝန်းက ဖုန်းအားလုံးရဲ့ အပြန်အလှန် သတင်းအချက်အလက်(messages) ပေးပို့မှုထက်ပိုပြီး သင့်ဦးနှောက်ထဲက နျူရွန် တွေက သတင်းအချက်အလက်(messages)တွေကို ဖန်းတီးပေးပို့နေပါတယ်။

နျူရွန် ဆဲလ်တစ်ခုစီက အလွန်နည်းတဲ့ လျှပ်စစ်ဓာတ်ပမာဏကို ထုတ်လွှတ်ပါတယ်။ နျူရွန်ဆဲလ် အားလုံးရဲ့ ထုတ်လွှတ်တဲ့ လျှပ်စစ်ဓာတ်ကို ပေါင်းလိုက်ရင်တော့ ဝပ်အားနိမ့်တဲ့ မီးသီးတစ်လုံးကို မီးလင်းစေနိုင်လောက်ပါတယ်။

နျူရွန်ဆဲလ် တွေဟာ အချက်အလက်တွေကို သင့်ဦးနှောက်ဆီ 240kmph နှုန်းလောက်နဲ့ ပေးပို့ပါတယ်။

ဆိုပါတော့ ... ပျားတစ်ကောင်ဟာ သင့်ခြေဖမိုးပေါ်လာနားတဲ့အခါ သင့်အနေနဲ့ ပျားအတုပ်ခံရမှာ ကြောက်လိမ့်မယ်။ ဒီအခါ သင့်အရည်ပြားထဲက အာရုံခံဆဲလ်တွေကနေပြီး အန္တရာယ်သတင်းတစ်ခုကို သင့်ရဲ့ကျောရိုးနာဗ်ကြောနဲ့ ဦးနှောက်ထံ တစ်နာရီ 240kmph ကျော်လောက်နဲ့ ပေးပို့ပါလိမ့်မယ်။ ဒီအခါ သင့်ဦးနှောက်ကနေ ညွှန်ကြားချက်ပြန်ပေးဖို့အတွက် မော်တာနျူရွန်ကိုသုံးပြီး ကျောရိုးနာဗ်ကြောကနေတစ်ဆင့် သင့်ခြေထောက်ဆီ ညွှန်ကြားချက်ပို့ပါလိမ့်မယ် - အဲဒီပျားကြီး ထွက်ပြေးသွားအောင် မြန်မြန်ခါထုတ်လိုက်စမ်း! ဆိုပြီးတော့ပေါ့။

မော်တာနျူရွန်တွေဟာ သတင်းအချက်အလက် ပေးပို့ရာမှာ အမြန်နှုန်း တစ်နာရီ 320kmph ကျော်လောက်နဲ့ ပေးပို့နိုင်ပါတယ်။

သင်လေ့လာသင်ယူမှုပြုလုပ်တိုင်း သင့်ရဲ့ဦးနှောက် ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားပါတယ်။

စက်ဘီးမစီးတတ်ခင်ကတော့ ဘီးနှစ်ဘီးပဲပါတဲ့ ဒီစက်ဘီးကို ဟန်ချက်ညီအောင်ထိန်းဖို့ဆိုတာ သင့်အတွက် မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ သိပ်မကြာခင်မှာ ကျွမ်းကျင်စွာ စီးတတ်သွားတယ်၊ ဘယ်လိုကြောင့်ပါလိမ့်?

သင် စက်ဘီးစီးကျင့်တဲ့အခါ သင့်ဦးနှောက်ကနေ "စက်ဘီးစီးနေတယ်" ဆိုတဲ့ သတင်းစကားကို နျူရွန် လမ်းကြောင်းတစ်လျှောက် အခါခါ ပေးပို့နေပြီး ဆက်သွယ်မှုအသစ်ပြုလုပ်ပါတယ်။ ဆိုလိုရင်းကတော့ သင် လေ့လာသင်ယူမှုပြုလုပ်တိုင်း သင့်ဦးနှောက်ရဲ့ ဖွဲ့စည်းပုံပြောင်းလဲသွားပါတယ်။ ထိုနည်းတူပဲ သင် အတွေးသစ်တစ်ခု သို့မဟုတ် မှတ်သားမှုအသစ်ခု ရှိလာတိုင်း သင့်ဦးနှောက်ဟာ ပြောင်းလဲလာပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေဟာ သင့်ကိုပိုပြီး စမတ်ကျလာစေတယ်။

ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်းကို မြန်ဆန်စေတယ်ဆိုတာ သိပြီးကြမှာပါ။ ပြေးခြင်း၊ အားကစားတစ်ခုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်နေစိတ်ထားကို တိုးတက်မှု ရှိစေပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အချိန်တစ်ခုအတွင်း သင်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် သင့်ခန္ဓာကိုယ်ကနေ ဓာတုပစ္စည်းတစ်ခုထုတ်လုပ်ပါတယ်။ ၎င်းဟာ သင့်ဦးနှောက်ကို ပိုပြီးလေ့လာသင်ယူလိုတဲ့ဆန္ဒ ဖြစ်ပေါ်စေပါတယ်။

ဒါကြောင့် အကယ်၍များ သင်ဟာ  ကျောင်းကပေးလိုက်တဲ့ ခေါင်းစားစရာ အိမ်စာတွေလုပ်ရတဲ့အခါ တွက်ချက်အဖြေရှာဖို့ ခက်ခဲနေရင် အပြင်ခဏထွက်ပြီး တစ်ပတ်လောက်ပတ်ပြေးလိုက်ပါ။ ပြီးရင် အဲဒီပုဒ်စာကို ပြန်ကြိုးစားတွက်ကြည့်ပါ။ ခုဏကထက် သင့်ရဲ့အာရုံစူးစိုက်မှု ပိုကောင်းလာပြီး အဲ့ဒီပုဒ်စာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

Source : National Geographic Kids
banner
ရှေ့ပို့စ်တစ်ခု
နောက်ပို့စ်တစ်ခု

3 comments:

  1. ဝိုး..ကောင်းလိုက်တာဗျာ... ကျွန်တော့် မှပြောပြစရာ အဖော်တွေအများကြီးရှိတယ်.. ပြောပြလို့ရပြီး :D
    တစ်ခါတစ်ခါ ဦးနှောက်ထက် ကွန်ပျူတာက သာတယ်ဆိုပြီး ယူဆနေတတ်တဲ့ ကျွန်တော့်ကို ကိုယ့်ဦးနှောက်ကို တန်ဖိုးထားဖို့ တိုက်တွန်းလိုက်သလိုပဲ :D

    ReplyDelete
    Replies
    1. :D :D အရင်က ဦးနှောက်က ကွန်ပျူတာလောက်တောင် တွက်ချက်မနိုင်ဘူးဆိုပြီး ရှုံ့ချခဲ့ဖူးသည် :D

      Delete